Monday, March 7, 2011

လူနာစောင့်ရဲ့ ဒိုင်ယာရီ(၃)


အဖျားတက်သော ဖိုးနိုင်
 ဒီနေ့ ညနေ ၅ နာရီထိုးတော့ အခန်းထဲကို ဆရာဝန် ၇ယောက်လောက် တဝုန်းဝုန်းနဲ့ဝင်ချလာသည်။ ဆရာဝန်ကြီး လူနာအခြေအနေစစ်ချိန်မို့ နောက်ပါ တပည့်ဆရာဝန် တသီကြီးလိုက်လာကြခြင်းဖြစ်သည်။ ဆရာဝန်ကြီးက ဆေးမှတ်တမ်းကိုကြည့်ကာ သိလိုသည်များကိုလည်း တပည့်ဆရာဝန်များကိုမေးသည်။  ပြီးမှ ဖိုးနိုင်နှင့် ကျနော့်ဘက် လှည့်ပြီး၊ အခြေအနေတွေက တိုးတက်ကောင်းမွန်လာနေတယ်ဟုဆိုသည်။ ဆရာဝန်ကြီး၏ စကားဆုံးသည်နှင့် ဖိုးနိုင်တယောက် ညနေ ၅ နာရီနှင့် ၉ နာရီအကြားတွင် အလွန်ချမ်း၍ အဖျားတက်ကြောင်း ကျနော်ကပြောလိုက်သည်။ ဘာ့ကြောင့်ဖြစ်တာလဲဟုလည်း မေးလိုက်သည်။ ဆရာဝန်ကြီး တချက်စဉ်းစားကာ ပါးစပ်ဆိုတာ ရောဂါပိုးအများဆုံးနေရာဖြစ်တယ်... သူ့ ပါးစပ်ထဲက သွားရည်၊ ချွေး၊ သလိပ် စတာတွေက အဆုတ်ထဲကို စီးဝင်နေလို့ လည်ပင်းကနေ အပေါ်ဖောက်ပြီး တောက်လျှောက် စုပ်ထုတ် နေတာဖြစ်တယ်၊ စုပ်ထုတ်နေတယ် ဆိုသော်လည်း အဆုပ်ထဲဝင်သွားတဲ့ တံတွေး အစ ရှိတာတွေထဲမှာပါတဲ့ ပိုးမွှားတွေကြောင့် အဆုပ်ကို ယောင်စေတတ်သလို တီဘီ (tuberculosis) ရောဂါလည်း ဖြစ်တတ်တယ်၊ အချိန်မှန် ချမ်းတာ၊ ကိုယ်ပူတာ လက္ခဏာအဖြစ် ပြတာ ဖြစ် နိုင်တယ်ဟု ရှင်းပြကာ၊ တဆက်တည်း တပည့်ဆရာဝန်များကိုပါ  စစ်ဆေးမှုလုပ်ပါဟု မှာလိုက်သည်။        ဖိုးနိုင်ကိုလည်း ချွဲစုပ်တဲ့ပိုက်ကို အကြာကြီးမဖြုတ်ပါနဲ့။ အိပ်တဲ့အချိန်မှာ တပ်ထားပါဟု ဆက်တိုက်မှာကာ ပြန်ထွက်သွားလေသည်။

   ဆရာဝန်ကြီး ပြန်ထွက်သွားသည်နှင့် ဖိုးနိုင်တယောက် နတ်ပူးသလို တဆတ်ဆတ်တုန်ကာ ချမ်းလာ သည်။ ကျနော်က စောင်ခြုံပေးသော်လည်း အခြုံမခံချေ၊ စောင်ခြုံလျှင် အဖျားပိုတက်မည်ဟုပြောသည်။ ကုတင်ပေါ် ကုတ်ကုတ်လေး တင်ပျဉ်လွှဲ ထိုင်လျက်နှင့် တဆတ်ဆတ်တုန်ကာ ချမ်းနေသည်ကို လက် နှစ်ဖက်ပေါင်ကြားထဲထည့်ပြီး ပေ၍ထိုင်နေသည်။ ကျနော့်စိတ်ထဲမှာတော့ စိတ်ကလက်တဆစ်လောက်နဲ့ ခေါင်းကလည်းမာသေးဟု တယောက်ထဲပြောကာ သူ့ကိုပဲ စိုက်ကြည့်နေလိုက်သည်။ တအောင့်ကြာတော့မှ ခုတင်ပေလှဲပြီး စောင်လေးခြုံထားလိုက်ဟု ပြောတော့ သူခုတင်ပေါ်လှဲကာ စောင်ခြုံလိုက်သည်။ ကျနော်က ဂွမ်းစောင်တထည်ကို အပေါ်မှထပ်ခြုံပေးရာ မခြုံနဲ့ဟုတားသည်။ တဆတ်ဆတ်တုန်နေသဖြင့် သူ့ပေါင်နှင့် ရင်ဘတ်ကို ဖိထားပေးလိုက်သည်။ သူနာပြု တယောက်ရောက်လာသည်။ သူ့ကိုတွေ့တော့ စိုးရိမ်စိတ်ဖြင့် ဘာလုပ်ရမှန်း မသိဖြစ်ကာ အခြားသော သူနာပြုဆရာမများကို သွားခေါ်လာသည်။ သူတို့လည်း ဘာလုပ် ရမှန်းမသိပေ။ အပူချိန်တိုင်းသည်။ အပူချိန်မရှိဟုဆိုသည်။
    ဖိုးနိုင်ကို ဝိုင်းကြည့်နေကြသည်။ ကျနော်က ဆရာဝန်ကြီးရှင်းပြသည်ကို ပြန်ပြောပြလိုက်သည်။ ဒီတော့ မှသဘောပေါက်သွားသလို ခေါင်းတညိတ်ညိတ်နှင့် သူနာပြုများ ပြန်ထွက်သွားကြသည်။ ခဏကြာတော့ ဒရက်ကူလာနှင့် ဆရာဝန်တယောက်ရောက်လာသည်။ ဒရက်ကူလာကို မြင်သည်နှင့် တပြိုင်နက် တဆတ် ဆတ်တုန်နေသော ဖိုးနိုင် ချက်ချင်းပင် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ အသင့်အနေအထားဖြင့် ဆရာဝန် ၂ ယောက်ကို လှမ်းကြည့်သည်။ ဆရာဝန်က သူ့အခြေအနေကို ကြည့်ပြီးသည်နှင့် ချမ်း၍ကိုယ်ပူသည်ကို ဆေး ပေးမည်ဖြစ်ကြောင်း၊ သို့သော် ဘယ်လိုဆေးပေးရမည်ကိုသိဖို့ သွေးနဲ့ဆီးကို စစ်ဖို့လို ကြောင်းပြောကာ ဘယ် လက်မှနေ၍ သွေးဖောက်ကာ အရောင်တစ်မျိုးစီ ဆေးရည်များရှိသော ပုလင်းခြောက်လုံး ထဲသို့ သွေး ကို မျှထည့်သည်။ ထို့နောက် ဆီးစစ်မည်ဟုဆိုသဖြင့် အိမ်သာသွားဖို့ ပြင်သော ဖိုးနိုင်အား ဆီးအိတ်ထဲက ဆီးကို ယူမှာဖြစ်တယ်၊ ဆီးလမ်းကြောင်းထဲ ပိုက်ထည့်ပြီး ထုတ်မယ်ဟု ဆိုသဖြင့် ဖိုးနိုင်မျက်နှာ အတော် မသာမယာ ဖြစ်သွားသည်။ တတောင်ခန့်ရှည်သော ရာဘာပိုက်ပျော့ အနီရောင်ကို ဆီးလမ်းကြောင်းမှနေ၍ ဆီးအိတ်ထဲရောက်သည်အထိ တဆုံးထိုးထည့်သည်။ ဆီးအိတ်ထဲ ပိုက်ရောက်သွားသည်နှင့် ဓာတ်ဆီတိုင် ကီထဲက ဆီကို ပိုက်နဲ့ စုပ်ထုတ်သလို ဆီးများထွက်လာသည်။ ဆီး၊ သွေးတို့ကို ထုတ်ယူသွားပြီး ညဦးပိုင်း ရောက်တော့ သူနာပြုများရောက်လာကာ လိုအပ်သော ဆေးများကို ထိုးပေးသွားကြသည်။ တုန်နေသော ဖိုးနိုင်လည်း ငြိမ်သွားသည်။

  ကျနော်လည်း အပြင်ထွက် ထမင်းသွားစားလိုက်သည်။ ဆေးရုံနားက ထမင်းဆိုင်တွေပဲ ပတ်စားနေတော့ ထမင်းလည်း စားချင်စိတ်က သိပ်မရှိ။ သို့သော် မစားလို့ကလည်းမရ၊ အဖော်ကောင်းရှိရင်တော့ ဆိုင် ကောင်းကောင်း သွားစားလို့ ဖြစ်နိုင်သော်လည်း တစ်ယောက်တည်းကျတော့လည်း ကိုယ်စားချင်တာကို ဆိုင်က တစ်ေယာက်စာ မရောင်းဆိုတော့ သွားနေကြ ဆိုင်မှာပဲ ဖြစ်သလို ညစာကို ဖြည့်တင်းလိုက်သည်။
   ဆေးရုံကို ပြန်ရောက်တော့ ဖိုးနိုင် တီဗွီကြည့်နေသည် ပြတင်းပေါက်များကိုလည်း ဖွင့်ထားသည်။ ဗိုက် ကလည်းလေးလာ၊ အိပ်ရေးကလည်း ပျက်သဖြင့် ကျနော်လည်း ထိုင်ခုံပေါ်ထိုင်ရင်း ငိုက်သွားသည်။ သူနာ ပြုများ ဝင်လိုက် ထွက်လိုက်လုပ်သဖြင့် နိုးလာသည်။ ချမ်းလည်းချမ်းသဖြင့် ပြတင်းပေါက်ကို ကြည့်လိုက်ရာ ဖွင့်လျက်သားပင်၊ ကျနော် ဖိုးနိုင်ကို လှမ်းကြည့်လိုက်သည်၊ ခုနက ချမ်းတာ သူမဟုတ်သလိုပင်၊ မချမ်းဘူး လား? ဟု လှမ်းမေးလိုက်သည်။ အဲဒီမှာ သူကျနော့်ကို သေသေချာချာ ရှင်းပြတော့သည်။ ပါးစပ်ကလည်း လှုပ်၊ ခေါင်းကလည်း ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်ပြီး ကြည့်လိုက်၊ လက်နှစ်ဖက်ကလည်း ပြတင်း ပေါက်ဖက်ကိုထိုးလိုက် လက်နှစ်ဖက်စလုံးခေါင်းပေါ်ကို မြှောက်ကာ သက်တန့်ပုံစံမျိုးလုပ်ပြလိုက်၊ သူ့ကိုယ် သူ ရင်ဘတ်ဖိပြလိုက်နှင့် ရှုပ်သွားသည်။ ကျနော်သဘောပေါက်လိုက်သည်၊ ပြတင်းပေါက်ပိတ်လို့ အခန်း အပူချိန်တက်ရင် မင်းအဖျားတက်လို့ဖွင့်ထားတာ ဟုတ်လား?ဟု မေးလိုက်သည်။သူခေါင်းညိတ်ပြသည်။ ကျနော် ဘာမျှမပြောတော့ သူ့ကို သေချာစိုက်ကြည့်လိုက်တော့ အခြေအနေက အိုကေ။
   အေး... ငါချမ်း လည်းချမ်းတယ် အိပ်လည်းငိုက်တယ်.. ဟုပြောကာ ဘေးက ကုတင်ပေါ်တက် စောင် ခြုံလိုက်သည်နှင့် ကျနော်လည်း အိပ်ပျော်သွားတော့သည်။ ဖိုးနိုင်နှင့် သူနာပြုများ စကားပြောသံ၊ ဆေးသွင်း သံ၊ သူနာပြုများ ဝင်လိုက်၊ ထွက်လိုက်အသံနှင့် လှည်းတွန်းသံများက အိပ်မပျော်ခင် အထိတော့ အတော် လေး အနှောင့်အယှက် ဖြစ်သလိုရှိသော်လည်း လူက တော်တော်အိပ်ချင်နေသဖြင့် အဲဒီအသံများလည်း အိပ်မက်ထဲက အသံများအဖြစ် ပြောင်းသွားတော့သည်။ 


ဆက်လက်ဖော်ပြပေးပါအုံးမည်။    ။
သူရ

No comments:

Post a Comment