Monday, March 21, 2011

ထပ်မံ ဝင်ရောက်လာသော ကူညီငွေ (လှူဒါန်းငွေ)များ...

           2011. 03. 10       KO THEIN MYINT                      30,000
           2011. 03. 13       LINN                                           30,000
           2011. 03. 18       SAHEI                                         50,000
           2011. 03. 20       SHOON                                      100,000
           2011. 03. 21       ရွှေမြန်မာလူငယ်အသင်း                   500,000
           2011. 03. 21       KHIN MG SAN                             100,000
                                    MOE LWIN                                  100,000
                                    MIN THIKE                                   50,000
                                    MYAT ZAW                                   50,000
                                    THAN TUN Oo                              30,000
                                    THINT NAING WIN                        20,000

Sunday, March 13, 2011

ရုတ်တရက် ပြောင်းလဲသွားသော ကိုဖိုးနိုင် အခြေအနေ




ကိုဖိုးနိုင်၏ အခြေအနေကို စိတ်ဝင်တစား စောင့်ကြည့်နေကြသော ညီအစ်ကို မောင်နှမများခင်ဗျာ~

      ခွဲစိတ်ကုသမှုကို အောင်မြင်စွာ ခံယူပြီးသည့်နောက် ပြန်လည်ကျန်းမာလာဖို့ ဆက်လက်ဆေးကုသမှု ခံယူနေ သော ကိုဖိုးနိုင်သည် အရေးပေါ်ခန်းမှ ထွက်လာခဲ့ပြီးနောက် သူ၏ကျန်းမာရေးအခြေအနေမှာ  ဆရာဝန်များ မထင် မှတ်လောက်အောင်ပင် တိုးတက်ကောင်းမွန်လာခဲ့ပါသည်။ 

     သို့သော်  မတ်လ၂ ရက်လောက်မှစ၍  ညနေပိုင်းတွင် အနည်းငယ်ချမ်းတတ်လာသည်။ အစတွင် အနည်း ငယ်ချမ်းခြင်းသာဖြစ်သဖြင့် ရာသီဥတု အပြောင်းအလဲကြောင့် ဟုပင် ထင်မှတ်ခဲ့သော်လည်း၊ ရက်ကြာလာသည်နှင့် ညနေ၅ နာရီလောက်ရောက်တိုင်း အချိန်မှန် ချမ်းလာပြီး၊ ငှက်ဖျား ထသကဲ့သို့ ထိမ်းမနိုင် သိမ်းမရ တုန်ရီကာ ချမ်း လာပါတော့သည်။ ချမ်းပြီးသည်နှင့် ကိုယ်အပူချိန်လည်း တက်လာပါသည်။ ညဘက်လောက် ရောက်လျှင် ကိုယ် အပူချိန်ပြန်ကျသွားတတ်သည်။  ၄င်းအခြေအနေများကို ဆရာဝန်များအား ပြောပြရာ အဆုတ်ထဲသို့ ပါးစပ်မှ အရည် များ ၀င်ရောက်ပြီး ထိုအရည်များထဲမှာပါသည့် ဗိုင်းရပ်စ်များကြောင့် အဆုတ်ယောင်ယမ်းသည့် လက္ခဏာ ဖြစ်နိုင် ကြောင်း ပြောကာ ဆေးထိုးပေးကြပါသည်။ သို့သော်လည်း ပျောက်ကင်းမသွားပဲ ဆက်လက်ဖြစ်နေသဖြင့် ရောဂါ လက္ခဏာ တစ်ခုခုဖြစ်နိုင်သောကြောင့် ဘက်စုံစစ်ဆေးမှုများလုပ်ပြီး၊ အကြောင်းရင်းကို ရှာဖို့ နေ့စဉ် ၄ ကြိမ်ထက် မနည်းသော ဆီး၊ သွေးစစ်ခြင်းနှင့် ရောဂါရှာဖွေသော စက်များဖြင့် အမျိုးမျိုးစစ်ဆေးကာ အကြောင်းရင်းကို ရှာဖွေကြ ပါသည်။ သို့သော် ရောဂါလက္ခဏာ အရင်းအမြစ်နှင့် အကြောင်းရင်းကိုမူ ရှာမတွေ့သေးခင်မှာပင် ကိုဖိုးနိုင်၏ အခြေ အနေ ပိုဆိုးလာနေပါသည်။ 

       မတ်လ ၆ ရက် (တနင်္ဂနွေနေ့) ညတွင်လည်း ကိုပူချိန်များတက်ကာ အပြင်းဖျားပါသည်။ ၀မ်းလည်းလျှောပါ သည်။ တနင်္လာနေ့ နံနက်ပိုင်းမှစ၍ တောက်လျှောက် အန်ပါသည်။ ၀မ်းလည်း တောက်လျှောက်လျှောပါသည်။ ချောင်းလည်း အင်မတန်ဆိုးကာ သွေးနှင့်သလိပ်များ ရော၍ ထွက်လာပါသည်။ အစပိုင်းတွင် သွေးပါသည်မှာ နည်း သော်လည်း နောက်ပိုင်းတွင် သွေးနှင့် သလိပ် ဆတူနီးပါး ပါလာတော့သည်။ ရောဂါအရင်းအမြစ်ကို ရှာဖွေရန် အတွက် အချိန်နှင့်အမျှ ဆီး၊၀မ်း၊သွေး စစ်ခြင်းနှင့် ရောဂါရှာသော စက်များနှင့်လည်း တောက်လျှောက် ခန္ဓာကိုယ် အတွင်း ပြောင်းလဲမှုအခြေအနေများကို စစ်ဆေး ကြပါသည်။ စစ်ဆေးချက်များအရ ရောဂါ၏အရင်းအမြစ်ကို ရှာ မတွေ့ပဲ ခန္ဓာကိုယ်တွင်းရှိ ကျောက်ကပ်၊အသည်း၊ အဆုတ် စသည်တို့ ကောင်းစွာ အလုပ် မလုပ်တော့သည် များ ကိုသာ စစ်ဆေးတွေ့ရှိရပါသည်။

     မူလရောဂါဖြစ်သည့် ကင်ဆာနှင့် ၄င်းအား ကုသသည့် ခွဲစိတ်ကုသမှုများမှာ အောင်မြင်ပြီးသွားသော်လည်း ရုတ် တရက် ခန္ဓာကိုယ်အတွင်း အင်္ဂါအစိတ်အပိုင်းများ၏ လုပ်ဆောင်မှု လျော့ကျသွားမှုကြောင့်၊ ကျောက်ကပ် ၊အသည်း ၊အဆုတ် တို့နှင့် ပက်သက်သည့် ခန္ဒ္ဓာကိုယ်တွင်း ရောဂါကုသရေးဌာနသို့ ထပ်မံကုသရန် ပြောင်းလဲပေးလိုက် ရပါ သည်။ ရောဂါရှာအရင်းအမြစ်နှင့် ရုတ်တရက် ပြောင်းလဲဖြစ်ပေါ်လာသော အခြေအနေတို့၏ အကြောင်းရင်းကို ရှာဖွေဆဲ ကာလအတွင်းမှာပင်  မူလသွင်းပေးနေသော ပိုးသတ်ဆေးအစား ပို၍ပြင်းသော ပိုးသတ်ဆေးကို သွင်း ပေးနေရသည်။ သို့သော် အခြေအနေမှာ ထူးခြားမလာခဲ့ပေ။ မတ်လ ၇ ရက်မှစ၍ ဆီးကောင်းစွာမသွားတော့ပေ။ မတ်လ ၈ ရက်နေ့တွင် ဆီးပိုက်လာတတ်သွားသော် လည်းဆီးမှာ တနေကုန်နေ၍ ရေနွေးကြမ်းခွက် တစ်လုံးစာပင် မထွက်နိုင်တော့ပေ။ သွေးတွင်းပေးထားပါသော်လည်း အဆိပ်အတောက်များနှင့် မလိုအပ်သည့် ဇီဝဓာတ်များကို ကျောက်ကပ်မှ သန့်ရှင်းပေးနိုင်ခြင်း မရှိတော့သဖြင့် သွေးအတွင်း ညစ်ညမ်းမှုမြင့်မားလာပြီး ခန္ဓာကိုယ်အား အခြား သောလက္ခဏာများဖြင့် ဒုက္ခစပေးနေတော့သည်။ 

     မတ်လ ၉ ရက်နေ့တွင် ကျောက်ကပ်အထူးကု ဆရာဝန်ကြီး၏ ဆုံးဖြတ်ချက်အရ အလုပ်မလုပ်နိုင်တော့သည့် ကျောက်ကပ်အစား စက်ဖြင့်သွေးလှည့် (hemodialysis) ကာ သွေးသန့်မည် ဟုသဘောတူကြပြီး၊ ထိုနေ့ ညနေ ၃ နာရီတွင် ညာပေါင်ရှိ သွေးကြောမကြီးအားဖောက်ကာ ပိုက်တပ်ပြီး စက်ဖြင့် သွေးစလှည့်ပါသည်။ သွေးလှည့်ပြီး သည်ညနှင့် နောက်နေ့တွင်မူ ဖိုးနိုင်၏ အခြေအနေ အနည်းငယ် ပြန်လည်ကောင်းလာသည်။ ချောင်းဆိုးခြင်း အနည်းငယ် လျော့ကျသွားသလို ချမ်းတုန်ခြင်းလည်းမရှိတော့ပါ။  ထိုနေ့ ည ၁၂ နာရီ ခန့်တွင် ပေါင်ရှိ သွေးကြော မကြီးတွင် တပ်လျက်သား တန်းလန်းဖြစ်နေသော ပိုက်အား လာဖြုတ်ပါသည်။ ပိုက်ဖြုတ်ပြီးနောက် သွေးကြောရှိ အပေါက်အား ပိတ်မသွားစေရန် ဆရာဝန်မှ လက်ဖြင့် ၁ နာရီခန့် ဖိကာ ပိတ်ထားသော်လည်း သွေးကြောက မပိတ်ပဲ ရှိနေပါသည်။ ချောင်းဆိုးလိုက်ပါက ထိုသွေးကြောအပေါက်မှ သွေးများပန်းထွက်လာတတ်သည်။ 

     အသည်းအလုပ် လုပ်ဆောင်မှု လျော့ကျသွားသဖြင့် သွေးမတိတ်ခြင်းဖြစ်သည်ဟု သုံးသပ်ကြသည်။ ထိုည ၁၂ နာရီမှ နောက်နေ့  ညနေ ၄ နာရီလောက်အထိ တစ်ညလုံး တရေးမှ မအိပ်ကြပဲ ဆရာဝန်တစ်ယောက်၊ ဆရာဝန်မ တစ်ယောက်နှင့် ကျနော် အလှည့်ကျ သွေးကြောကို လက်နှစ်ဖက်ဖြင့်ဖိကာ ပိတ်ထားပေးကြရသည်။ ၉ ရက်နေ့ ညနေ သွေးလှည့်ချိန်တွင် ခန္ဓာကိုယ်အတွင်းပိုင်းရောဂါဌာန (အသည်း၊ကျောက်ကပ်၊ အဆုပ်၊)နှင့် နားနှခေါင်း လည်ချောင်းဌာန ဆရာဝန်ကြီးများ၏ ဆုံးဖြတ်ချက်အရ ကျွမ်းကျင် သူနာပြုများ၏ အနီးကပ် စောင့်ရှောက်မှုကို ခံရန် လိုအပ်သဖြင့် အရေးပေါ် လူနာဆောင် (အထူးကြပ်မတ် ကုသဆောင်- intensive care unit / 중환자실 ) သို့ ယခု ပို့ဆောင်လိုက်ပါသည်။ ယနေ့အထိ နေစဉ်စက်ဖြင့် သွေးလှည့်သန့်စင်မှုများကို ပြုလုပ်နေဆဲဖြစ်ပါသည်။

      ယနေ့ဆိုလျှင် ၃ ရက်မြောက် အထူးကြပ်မတ်ကုသဆောင်တွင် ရှိနေပြီး၊ အခြေအနေ တစ်ခုခု တိုးတက်ကောင်း မွန် လာသည်အထိ အထူးကြပ်မတ် ကုသဆောင်တွင် နေရဦးမည်ဖြစ်ပါသည်။  မိတ်ဆွေသူငယ်ချင်းများ အနေဖြင့် သွားရောက် တွေ့လိုပါက နေ့လည် ၁ နာရီမှ ၁ နာရီခွဲထိ တကြိမ်၊ ညနေ ၇ နာရီမှ ၇ နာရီခွဲထိ တကြိမ် တရက်လျှင် ၂ ကြိမ် သွားရောက်တွေ့နိုင်ပါသည်။ 

     ကိုဖိုးနိုင် ယခုလို ဖြစ်ပေါ်ခံစားနေရသော ရောဂါလက္ခဏာ အခြေအနေများ အမြန်ဆုံးပျောက်ကင်းပြီး၊ ပြန်လည် ကျန်းမာလာဖို့ ၀ိုင်းဝန်းဆုတောင်းမေတ္တာ ပို့သပေးဖို့ဆန္ဒပြုရင်း လက်ရှိအခြေအနေအချို့ကို တင်ပြလိုက် ရပါသည်။

                                                                                                      သူရ

ဆက်လက်ဖော်ပြပေးပါအုံးမည်။

Monday, March 7, 2011

ထပ်မံ ဝင်ရောက်လာသော ကူညီငွေ (လှူဒါန်းငွေ)များ...

   2011. 03. 05         kyawmoem          15,000
                               2011. 03. 06        zawzaw              20,000

လူနာစောင့်ရဲ့ ဒိုင်ယာရီ(၃)


အဖျားတက်သော ဖိုးနိုင်
 ဒီနေ့ ညနေ ၅ နာရီထိုးတော့ အခန်းထဲကို ဆရာဝန် ၇ယောက်လောက် တဝုန်းဝုန်းနဲ့ဝင်ချလာသည်။ ဆရာဝန်ကြီး လူနာအခြေအနေစစ်ချိန်မို့ နောက်ပါ တပည့်ဆရာဝန် တသီကြီးလိုက်လာကြခြင်းဖြစ်သည်။ ဆရာဝန်ကြီးက ဆေးမှတ်တမ်းကိုကြည့်ကာ သိလိုသည်များကိုလည်း တပည့်ဆရာဝန်များကိုမေးသည်။  ပြီးမှ ဖိုးနိုင်နှင့် ကျနော့်ဘက် လှည့်ပြီး၊ အခြေအနေတွေက တိုးတက်ကောင်းမွန်လာနေတယ်ဟုဆိုသည်။ ဆရာဝန်ကြီး၏ စကားဆုံးသည်နှင့် ဖိုးနိုင်တယောက် ညနေ ၅ နာရီနှင့် ၉ နာရီအကြားတွင် အလွန်ချမ်း၍ အဖျားတက်ကြောင်း ကျနော်ကပြောလိုက်သည်။ ဘာ့ကြောင့်ဖြစ်တာလဲဟုလည်း မေးလိုက်သည်။ ဆရာဝန်ကြီး တချက်စဉ်းစားကာ ပါးစပ်ဆိုတာ ရောဂါပိုးအများဆုံးနေရာဖြစ်တယ်... သူ့ ပါးစပ်ထဲက သွားရည်၊ ချွေး၊ သလိပ် စတာတွေက အဆုတ်ထဲကို စီးဝင်နေလို့ လည်ပင်းကနေ အပေါ်ဖောက်ပြီး တောက်လျှောက် စုပ်ထုတ် နေတာဖြစ်တယ်၊ စုပ်ထုတ်နေတယ် ဆိုသော်လည်း အဆုပ်ထဲဝင်သွားတဲ့ တံတွေး အစ ရှိတာတွေထဲမှာပါတဲ့ ပိုးမွှားတွေကြောင့် အဆုပ်ကို ယောင်စေတတ်သလို တီဘီ (tuberculosis) ရောဂါလည်း ဖြစ်တတ်တယ်၊ အချိန်မှန် ချမ်းတာ၊ ကိုယ်ပူတာ လက္ခဏာအဖြစ် ပြတာ ဖြစ် နိုင်တယ်ဟု ရှင်းပြကာ၊ တဆက်တည်း တပည့်ဆရာဝန်များကိုပါ  စစ်ဆေးမှုလုပ်ပါဟု မှာလိုက်သည်။        ဖိုးနိုင်ကိုလည်း ချွဲစုပ်တဲ့ပိုက်ကို အကြာကြီးမဖြုတ်ပါနဲ့။ အိပ်တဲ့အချိန်မှာ တပ်ထားပါဟု ဆက်တိုက်မှာကာ ပြန်ထွက်သွားလေသည်။

   ဆရာဝန်ကြီး ပြန်ထွက်သွားသည်နှင့် ဖိုးနိုင်တယောက် နတ်ပူးသလို တဆတ်ဆတ်တုန်ကာ ချမ်းလာ သည်။ ကျနော်က စောင်ခြုံပေးသော်လည်း အခြုံမခံချေ၊ စောင်ခြုံလျှင် အဖျားပိုတက်မည်ဟုပြောသည်။ ကုတင်ပေါ် ကုတ်ကုတ်လေး တင်ပျဉ်လွှဲ ထိုင်လျက်နှင့် တဆတ်ဆတ်တုန်ကာ ချမ်းနေသည်ကို လက် နှစ်ဖက်ပေါင်ကြားထဲထည့်ပြီး ပေ၍ထိုင်နေသည်။ ကျနော့်စိတ်ထဲမှာတော့ စိတ်ကလက်တဆစ်လောက်နဲ့ ခေါင်းကလည်းမာသေးဟု တယောက်ထဲပြောကာ သူ့ကိုပဲ စိုက်ကြည့်နေလိုက်သည်။ တအောင့်ကြာတော့မှ ခုတင်ပေလှဲပြီး စောင်လေးခြုံထားလိုက်ဟု ပြောတော့ သူခုတင်ပေါ်လှဲကာ စောင်ခြုံလိုက်သည်။ ကျနော်က ဂွမ်းစောင်တထည်ကို အပေါ်မှထပ်ခြုံပေးရာ မခြုံနဲ့ဟုတားသည်။ တဆတ်ဆတ်တုန်နေသဖြင့် သူ့ပေါင်နှင့် ရင်ဘတ်ကို ဖိထားပေးလိုက်သည်။ သူနာပြု တယောက်ရောက်လာသည်။ သူ့ကိုတွေ့တော့ စိုးရိမ်စိတ်ဖြင့် ဘာလုပ်ရမှန်း မသိဖြစ်ကာ အခြားသော သူနာပြုဆရာမများကို သွားခေါ်လာသည်။ သူတို့လည်း ဘာလုပ် ရမှန်းမသိပေ။ အပူချိန်တိုင်းသည်။ အပူချိန်မရှိဟုဆိုသည်။
    ဖိုးနိုင်ကို ဝိုင်းကြည့်နေကြသည်။ ကျနော်က ဆရာဝန်ကြီးရှင်းပြသည်ကို ပြန်ပြောပြလိုက်သည်။ ဒီတော့ မှသဘောပေါက်သွားသလို ခေါင်းတညိတ်ညိတ်နှင့် သူနာပြုများ ပြန်ထွက်သွားကြသည်။ ခဏကြာတော့ ဒရက်ကူလာနှင့် ဆရာဝန်တယောက်ရောက်လာသည်။ ဒရက်ကူလာကို မြင်သည်နှင့် တပြိုင်နက် တဆတ် ဆတ်တုန်နေသော ဖိုးနိုင် ချက်ချင်းပင် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ အသင့်အနေအထားဖြင့် ဆရာဝန် ၂ ယောက်ကို လှမ်းကြည့်သည်။ ဆရာဝန်က သူ့အခြေအနေကို ကြည့်ပြီးသည်နှင့် ချမ်း၍ကိုယ်ပူသည်ကို ဆေး ပေးမည်ဖြစ်ကြောင်း၊ သို့သော် ဘယ်လိုဆေးပေးရမည်ကိုသိဖို့ သွေးနဲ့ဆီးကို စစ်ဖို့လို ကြောင်းပြောကာ ဘယ် လက်မှနေ၍ သွေးဖောက်ကာ အရောင်တစ်မျိုးစီ ဆေးရည်များရှိသော ပုလင်းခြောက်လုံး ထဲသို့ သွေး ကို မျှထည့်သည်။ ထို့နောက် ဆီးစစ်မည်ဟုဆိုသဖြင့် အိမ်သာသွားဖို့ ပြင်သော ဖိုးနိုင်အား ဆီးအိတ်ထဲက ဆီးကို ယူမှာဖြစ်တယ်၊ ဆီးလမ်းကြောင်းထဲ ပိုက်ထည့်ပြီး ထုတ်မယ်ဟု ဆိုသဖြင့် ဖိုးနိုင်မျက်နှာ အတော် မသာမယာ ဖြစ်သွားသည်။ တတောင်ခန့်ရှည်သော ရာဘာပိုက်ပျော့ အနီရောင်ကို ဆီးလမ်းကြောင်းမှနေ၍ ဆီးအိတ်ထဲရောက်သည်အထိ တဆုံးထိုးထည့်သည်။ ဆီးအိတ်ထဲ ပိုက်ရောက်သွားသည်နှင့် ဓာတ်ဆီတိုင် ကီထဲက ဆီကို ပိုက်နဲ့ စုပ်ထုတ်သလို ဆီးများထွက်လာသည်။ ဆီး၊ သွေးတို့ကို ထုတ်ယူသွားပြီး ညဦးပိုင်း ရောက်တော့ သူနာပြုများရောက်လာကာ လိုအပ်သော ဆေးများကို ထိုးပေးသွားကြသည်။ တုန်နေသော ဖိုးနိုင်လည်း ငြိမ်သွားသည်။

  ကျနော်လည်း အပြင်ထွက် ထမင်းသွားစားလိုက်သည်။ ဆေးရုံနားက ထမင်းဆိုင်တွေပဲ ပတ်စားနေတော့ ထမင်းလည်း စားချင်စိတ်က သိပ်မရှိ။ သို့သော် မစားလို့ကလည်းမရ၊ အဖော်ကောင်းရှိရင်တော့ ဆိုင် ကောင်းကောင်း သွားစားလို့ ဖြစ်နိုင်သော်လည်း တစ်ယောက်တည်းကျတော့လည်း ကိုယ်စားချင်တာကို ဆိုင်က တစ်ေယာက်စာ မရောင်းဆိုတော့ သွားနေကြ ဆိုင်မှာပဲ ဖြစ်သလို ညစာကို ဖြည့်တင်းလိုက်သည်။
   ဆေးရုံကို ပြန်ရောက်တော့ ဖိုးနိုင် တီဗွီကြည့်နေသည် ပြတင်းပေါက်များကိုလည်း ဖွင့်ထားသည်။ ဗိုက် ကလည်းလေးလာ၊ အိပ်ရေးကလည်း ပျက်သဖြင့် ကျနော်လည်း ထိုင်ခုံပေါ်ထိုင်ရင်း ငိုက်သွားသည်။ သူနာ ပြုများ ဝင်လိုက် ထွက်လိုက်လုပ်သဖြင့် နိုးလာသည်။ ချမ်းလည်းချမ်းသဖြင့် ပြတင်းပေါက်ကို ကြည့်လိုက်ရာ ဖွင့်လျက်သားပင်၊ ကျနော် ဖိုးနိုင်ကို လှမ်းကြည့်လိုက်သည်၊ ခုနက ချမ်းတာ သူမဟုတ်သလိုပင်၊ မချမ်းဘူး လား? ဟု လှမ်းမေးလိုက်သည်။ အဲဒီမှာ သူကျနော့်ကို သေသေချာချာ ရှင်းပြတော့သည်။ ပါးစပ်ကလည်း လှုပ်၊ ခေါင်းကလည်း ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်ပြီး ကြည့်လိုက်၊ လက်နှစ်ဖက်ကလည်း ပြတင်း ပေါက်ဖက်ကိုထိုးလိုက် လက်နှစ်ဖက်စလုံးခေါင်းပေါ်ကို မြှောက်ကာ သက်တန့်ပုံစံမျိုးလုပ်ပြလိုက်၊ သူ့ကိုယ် သူ ရင်ဘတ်ဖိပြလိုက်နှင့် ရှုပ်သွားသည်။ ကျနော်သဘောပေါက်လိုက်သည်၊ ပြတင်းပေါက်ပိတ်လို့ အခန်း အပူချိန်တက်ရင် မင်းအဖျားတက်လို့ဖွင့်ထားတာ ဟုတ်လား?ဟု မေးလိုက်သည်။သူခေါင်းညိတ်ပြသည်။ ကျနော် ဘာမျှမပြောတော့ သူ့ကို သေချာစိုက်ကြည့်လိုက်တော့ အခြေအနေက အိုကေ။
   အေး... ငါချမ်း လည်းချမ်းတယ် အိပ်လည်းငိုက်တယ်.. ဟုပြောကာ ဘေးက ကုတင်ပေါ်တက် စောင် ခြုံလိုက်သည်နှင့် ကျနော်လည်း အိပ်ပျော်သွားတော့သည်။ ဖိုးနိုင်နှင့် သူနာပြုများ စကားပြောသံ၊ ဆေးသွင်း သံ၊ သူနာပြုများ ဝင်လိုက်၊ ထွက်လိုက်အသံနှင့် လှည်းတွန်းသံများက အိပ်မပျော်ခင် အထိတော့ အတော် လေး အနှောင့်အယှက် ဖြစ်သလိုရှိသော်လည်း လူက တော်တော်အိပ်ချင်နေသဖြင့် အဲဒီအသံများလည်း အိပ်မက်ထဲက အသံများအဖြစ် ပြောင်းသွားတော့သည်။ 


ဆက်လက်ဖော်ပြပေးပါအုံးမည်။    ။
သူရ

လူနာစောင့်ရဲ့ ဒိုင်ယာရီ (၂)




2/26 () ကိုဖိုးနိုင်ရဲ့ ကိုယ်တွေ့အသိနှင့် သင်ခန်းစာများ
3:00 pm
      ဖိုးနိုင်ကို ဆေးရုံစောင့်ရင်း ဆရာဝန်များ သူနာပြုဆရာမများကို မျက်မှန်းတန်းမိလာသည်။ ဝန်ထမ်းများ ဂျူတီ ပြောင်းသည့်အချိန်နှင့် ဘယ်ဂျူတီဆိုလျှင် ဘယ်ဆရာဝန်နှင့် ဘယ်သူနာပြုများ ရောက်မည်။ ဘယ် ဆရာဝန်၊ ဘယ်သူနာပြုကတော့ လုပ်ငန်းကျွမ်းကျင်သည်။ သေချာသည်။ ဘယ်သူကတော့ လုပ်ငန်း မကျွမ်းကျင်၊ အလုပ် လုပ်တာ မသေချာ စသဖြင့် ဆရာဝန်နှင့် သူနာပြုတဦးချင်းစီ၏ အနေအထားများ ကိုလည်း ဖိုးနိုင်၏ ပြောပြမှုကြောင့် ကျနော်တယောက် အတော်ပင် သိနေပြီဖြစ်သည်။
        အချို့သော ဆရာဝန်နှင့် သူနာပြုများဆိုလျှင် ဖိုးနိုင်ပေးထားသော အမည်ထူးများပင်ရှိသည်။ တစ် ယောက်၏ အမည်ဆိုလျှင် ဒရက်ကူလာဖြစ်သည်။ သူအမည် ပေးမည်ဆိုလျှင်လည်း ပေးချင်စရာပင် အဲဒီ ဆရာဝန်ငယ်လေးမှာ တနေ့လျှင် ၃ကြိမ်မျှ ဓာတ်ခွဲစစ်ဆေးရန်ဟူသော အကြောင်းပြချက်ဖြင့် တစ်ကြိမ်လျှင် လက်ညှိုးလောက်အရွယ် ပုလင်းငယ် တစ်လုံးမျှ သွေးထုတ်ယူတတ်သည်။ ဖိုးနိုင်တယောက် အဲဒီ ဒရက်ကူ လာ ကိုတော့ကြောက်သည်။ ကြောက်လည်း ကြောက်စရာပင်။ စာသင်ခန်းထဲမှ သင်ခန်းစာများကို ဆေးရုံ တွင်လက်တွေ့ သင်ယူနေသော အသက်အငယ်ဆုံး ဆေးကျောင်းသားလည်းဖြစ်သည်။ ဒရက်ကူလာသည် နဂိုတုန်တာလား ကြောက်လို့ တုန်တာလားတော့မသိ ဆေးထိုးအပ်ကိုင်သော လက်က တုန်နေပြီး သွေး ကြောကို တစ်ကြိမ်းတည်းနှင့် တည့်တည့်မထိုး၊ အမြဲတမ်း ဟိုချော်ထိုး ၊ သည်ချော်ထိုးနှင့် အကြိမ်ကြိမ် ချော်ထိုးပြီးမှ သွေးကြောကို တည့်တည့်ထိုးလေ့ရှိသည်။ သွေးထဲတွင် ဂတ်စ်များ၊ အခြားအဆိပ်သင့်စေသည့် ဓာတ်များ ရှိ၊ မရှိ စစ်ရသည်ဖြစ်သောကြောင့် လက်ကောက်ဝတ်အောက်ရှိ ကောင်းစွာ မမြင်ရသော သွေး ကြော တစ်နေရာတည်းကိုမှ ဖောက်ယူရသည်။ အခြားနေရာများမှာဒဏ်ရာများရှိသဖြင့် ဖောက်မရ သောကြောင့်ဖြစ်သည်။
      တစ်နေရာတည်းကို နေ့စဉ် အကြိမ်ကြိမ်ဖောက်သဖြင့် လက်ကောက်ဝတ်မှာ ယောင်ယမ်းပြီး ထိလျှင် ပင် နာနေတတ်သည်။ ထိုနေရာကိုမှ လက်တုန်နေသော ကိုဒရက်ကူလာက သူ့အပ်ဖြင့် ဟိုဘက် ဒီဘက် ချော်ထိုးနေတတ်သဖြင့် ဖိုးနိုင်မှာ မချိမဆန့် ခံရတတ်သည်။ ဖိုးနိုင်နာသည်ကိုကြည့်၍ ဒရက်ကူလာလည်း အကြောက်ပိုကာ ဇောချွေးများပြန်ပြီး လက်လျှော့ကာ ခဏနေမှ ပြန်လာပါ့မည်ဟုဆိုကာ ထွက်သွားတတ် သည်။ တစ်ကယ်တော့ ဒရက်ကူလာကို ဖိုးနိုင်ကြောက်တာထက်၊ ဒရက်ကူလာက ဖိုးနိုင်ကို ပိုကြောက် သည်ဟုထင်ပါသည်။ ဖိုးနိုင်ကတော့ နာလို့ကြောက်တာဖြစ်ပြီး၊ ဒရက်ကူလာကတော့ သူ့ကြောင့်လူနာ ပိုနာသွားမှာ၊ တခုခုမှားသွားမှာကို တာဝန်ရှိသော သမားနေရာကနေ ကြောက်ခြင်းဖြစ်သောကြောင့် ကြောက်သည့်အပြင် စိတ်ပင်ပန်းနွမ်းနယ်မှုက ပိုသည်ဟုထင်သည်။    
    “မြွေ၊ မြွေချင်း ခြေမြင်”ဆိုသည့် စကားကို ဒီနေရာမှာ သုံးရမှာ သင့် ၊မသင့်တော့ မပြောတတ်။ သေချာ တာ တစ်ခုကတော့ ကျနော်တို့ ဖိုးနိုင်ကတော့ ဆရာဝန်ငယ်လေးတွေနှင့် သူနာပြုတွေရဲ့ အရိပ်အခြေကို မြင်ရုံနှင့် ဘာမှားနေပြီ ဆိုသည်ကို တန်းကနဲသိသည်။ ဆရာဝန်နှင့်သူနာပြုတို့မှာလည်း ဖိုးနိုင်အမူအရာ နဲနဲ လေးပြောင်းသည်နှင့် သူတို့ဘာ မှားသွားပြီဆိုတာကို ကောင်းကောင်းသိသည်ထင်၊ မျက်နှာချိုသွေးကြသည်။ စပ်ဖြဲဖြဲလုပ်ပြကြသည်။ မျက်နှာငယ်လေးနှင့် အင်မတန်အားနာသွားသည့်ပုံ စသဖြင့် အမျိုးမျိုးလုပ်ပြကြ သည်။  ကိုယ်တိုင်ဝေဒနာရဲ့ ဖြစ်ပျက်မှု အလုံးစုံကို ကောင်းစွာသိမှတ်နေသောကြောင့်ထင်သည် အသေး အမွှား အမှားလေးများကိုပင် ဖိုးနိုင်တယောက် ကောင်းစွာသိသည်။
   မသိလို့လည်းမရ ထင်သည် လွန်ခဲ့တဲ့၂ ရက်လောက်ကလည်း အချစ်တော်သူနာပြုတယောက်က အပ် တစ်ချောင်း ဖြင့် လက်ဖျံတချောင်းလုံးကိုမွှေနှောက်သွားသည်။ နာ၊ မနာတော့မသိ ။ တောင့်ခံထားသည့် ကြားက တကိုယ်လုံး တဆတ်ဆတ်တုန်သွားပြီး၊ မျက်ရည်များပင်ကျကာ ညာလက်ဖျံတခုလုံးတန်းသွားပြီး အထိမခံနိုင်သည်အထိ ဖြစ်လိုက်သေးသည်။ အဲဒီဒဏ်က ကောင်းနေသောလက်ကို သုံးမရအောင် လုပ် သလိုဖြစ်ပြီး အခုထိ ညာလက်ဖြင့် ပစ္စည်းများကိုင်လျှင် မျက်နှာကြီးရှုံ့သွားသည်ထိ နာနေဆဲဖြစ်သည်။ သူနာပြုများကလည်း အဲဒီလို ဆေးပညာ ဗဟုသုတ ပေးသွားတတ်သည်။
   ဆေးရုံရောက်မှ ဖိုးနိုင်တယောက် ဆေးပညာဗဟုသုတတင် မဟုတ် အနိစ္စသဘောနှင့် ကိစ္စချောတတ် သည့် တရားသဘောတွေကိုလည်း အရင်ကထက် ပိုသိလာသလိုပင်။ အရေးပေါ်အခန်းထဲရှိနေတုန်းက သူရေးပြဖူးသော စာကြောင်းလေးကိုသွားသတိရသည် “အဓိကကျတဲ့ ခွဲစိတ်ကုသမှုတွေအားလုံး အောင်မြင်ပြီးကာမှ ဘာမဟုတ်တာ လေးနဲ့တော့ အသက်မဆုံးချင်ဘူးဗျာ ”ဟု ရေးပြောဘူးသည်။ ဖြစ်ပုံက ချွဲစုပ်ထုတ်သော စက်ကို သူနာပြုဆရာမများ ကောင်းစွာ မကိုင်တတ်သဖြင့် စက်က အဆမတန် အရှိန်ပြင်းပြင် ဆွဲစုပ်လိုက်တော့ အဆုတ်ထဲက ချွဲတင်မဟုတ် သွေးများပါ ပန်းထွက်လာသော အဖြစ်က ရှိခဲ့ဘူးသည်။ အရေးပေါ်အခန်းထဲဆိုတော့ သူ့ဘေးနားက လူနာတွေကို နေ့မြင် ညပျောက်သွားတာ ကိုယ် တိုင်လည်း တွေ့နေရတော့ စိတ်ထဲစိုးရိမ်စိတ် ဖြစ်ပုံရပါသည်။ စိတ်မပူပါနဲ့ကွာ မင်းရောဂါက အသက်နဲ့ အဝေးကြီးပါဟု စိတ်ပေါ့အောင် ပြောပြရသည်။ 
   “ဝေဒနာကို ကောင်းစွာသိကာမှ အို နာ သေ ဆိုသည့် အနိစ္စတရားကိုလည်း ကောင်းကောင်း သိနား လည်လာသလို၊ လူ့ဘ၀ရဲ့ အဓိပ္ပါယ်ကိုလည်း ပိုသိလာသည်”ဟု အရေးပေါ်ခန်းမှ ထွက်ခါစ သူ ကျနော့်အား ပြောပြသည်ကိုလည်း သတိရမိသည်။   ။
   

3/4 (fri) ရေစသောက်သော ရေစကြိုသား
   ရေစကြိုဇာတိ မန္တလေးသား ဖိုးနိုင်တယောက် ပါးစပ်မှနေပြီး ရေကို စသောက်သည်မှာ ၃ရက်ခန့် ရှိသွားပြီဖြစ်သည်။ စသောက်ခါစက ပါးစပ်ထဲ ရေလေး ဝင်တယ်ဆိုရုံလောက် ငုံကာ စမ်း၍ မျိုချသည်။ ပထမနေ့မှာတော့ သုံးငုံလောက် ငုံကာ မျိုချသည်။ အစာအိမ် လမ်းကြောင်းထဲ တည့်တည့် ရောက်သည် ဟုဆိုသည်။ ဗိုက်ထဲရေ၀င်သွားတာ သိလားလို့မေးတော့ သိတယ် အစာလမ်းကြောင်းထဲ ဝင်သွားသည် ဟုဖြေသည်။ 
   အခြေအနေက တော်တော် တိုးတက်လာသည်။ ဘာ့ကြောင့်လဲ ဆိုတော့ ခွဲစိတ်ခန်းက ထွက်ကတည်း က ပါးစပ်ဖြင့်ရေသောက်တာ ပထမဆုံးဖြစ်သောကြောင့်ပင်။ အရေးပေါ်ခန်းထဲ ရှိစဉ်တုန်းက အဖြူရောင် အဟာရဖျော်ရည်များကို ပိုက်ဖြင့် သွေးကြောထဲသွင်းသည်။ အရေးပေခန်းကနေ အပြင်ကို ရောက်လာတော့ နှာခေါင်းကနေ ပိုက်ပျော့ကို အစာလမ်းကြောင်းထဲ ထိုးထည့်ထားပြီး အဟာရအရည်ကို ထိုပိုက်မှ တဆင့် အစာအိမ်ထဲသို့ထည့်ပေးသည်ဆိုတော့ ပါးစပ်ဖြင့် ရေသောက်ပြီး အစာအိမ်လမ်းကြောင်းထဲ တည့်တည့် ရောက်သွားခြင်းသည် အစာလမ်းကြောင်းနှင့် အသက်ရှူလမ်းကြောင်းကို ခွဲ၍ အလုပ် မလုပ်နိုင်ခဲ့သော လူနာအတွက်   တကယ့်ကို တိုးတက်မှုပင်ဖြစ်သည်။
   ဖိုးနိုင်ကို ခွဲစိတ်ထားသည်မှာ လျှာကိုအလျားလိုက် ဖြတ်ထုတ်လိုက်ရပြီး၊ထို ဖြတ်ထုတ်လိုက်သော နေ ရာကို အသားအစား ထိုးပေးထားပြီး၊ အစားထိုးထားရသော အသားနှင့်မူလလျှာကို အသားတင် ဆက်တာ မဟုတ်ပဲ သွေးကြောများကိုပါ ပြန်ဆက်ရသော အနုစိတ် ခွဲစိတ်ကုသမှု ဖြစ်ပါသည်။ ခွဲစိတ်ပြီးကာစ ဆိုလျှင် လျှာတခုလုံး ယောင်နေသည်မှာ ပါးစပ်အပြည့်ပင်ဖြစ်သည်။ လျှာမှာ အပြားလိုက်ဖြစ်မနေပဲ ယောင်နေ သောအရှိန်ကြောင့် အာခေါင်နှင့်အပြည့် အသားလုံးကြီးဖြစ်နေပြီး၊ လှုပ်၍လည်းမရသောကြောင့် ပါးစပ်မှ သွားရည်များ အမြဲတမ်း ယိုစီးကျနေသဖြင့် ပိုက်ဖြင့် စုပ်ပေးခဲ့ရသည်။ အခုတော့ အနာကျက်ပြီဖြစ် သော ကြောင့် လျှာလှုပ်နိုင်လာသည်။ ဆေးရည်ဖြင့် အာလုတ်ကျင်းကာ ခံတွင်းသန့်ရှင်းရေး လုပ်နိုင်လာသည့်ပြင် ရေကိုပါ သောက်လာနိုင်ပြီဖြစ်သည်။ သို့သော် လည်ပင်းရှိ အပေါက်မှနေ၍ အဆုတ်တွင်းမှ ချွဲများကိုမူ စက် ဖြင့် စုပ်ထုတ်ပေးနေရတုန်း ဖြစ်သည်။
    ပြီးခဲ့သော အင်္ဂါနေ့ ညက သူနာပြုဆရာမက အစား မစားရဟူသော ဆိုင်းဘုတ်ဝိုင်းကို ခုတင်ခြေရင်း မှာ ဒေါက်ကနဲ လာချိတ်ပြီး ပြန်ထွက်သွားသည်။ “ဘာလဲ” ဟု အမူအယာဖြင့်လှမ်းမေးသည်၊ အစာမစားရတဲ့ ဆိုင်းဘုတ် ဟုပြောလိုက်သည်။ “ဘာမှမစားတဲ့သူကို ဘာလို့ လာချိတ်သွားတာလဲ” ကျနော့်ကို ပြန်မေး သည်။  အကြောင်းရှိလိုနေမှာပေါ့ဟု ပြန်ပြောလိုက်သည်။ ခဏကြာတော့ သူနာပြု ပြန်ရောက်လာသည် ။ “မနက်ဖြန်နံနက် ဆေးစစ်စရာရှိသည် ဘာကိုမှ မသောက်၊ မစားပါနဲ့”ဟု ပြောသွားသည်။
   ဗုဒ္ဓဟူးနေ့ နံနက် ၁ဝ နာရီခန့်တွင် လူနာအကူ တစ်ယောက် ရောက်လာပြီး ဖိုးနိုင်ကို လှည်းပေါ်တင်၍ ခေါ်သွားသည်။ လက်ရှိအခန်းမှာ အဆောင်ခွဲတွင် ရှိနေပြီး သွားရမည့် နေရာမှာ ပင်မအဆောင်၏ ပထမ ထပ်တွင်ဖြစ်သည်။ အနည်းငယ် လှမ်းသောကြောင့် လှည်းပေါ်တွင်ထိုင်စေပြီး၊ လက်တွင် သွင်းလက်စ ဆေးအိတ်များကိုပါ လှည်းပေါ်တင် တွန်းခေသွားသည်။ စမ်းသပ်ဌာနသို့ရောက်သော်  Radil Ray စက်ကြီး ရှေ့တွင်ရပ်နေစေပြီး၊ သဘောင်္ဆေးကဲ့သို့ ဖြူဆွတ်သော ဆေးရည်တခွက်ကို သောက်ခိုင်းသည်။ သောက် လိုက်သော ဆေးရည်များ အစာလမ်းကြောင်းကို ဖြောင့်ဖြောင့်တန်းတန်း ဝင်၊ မဝင်ကို ရှင်းလင်းစွာ သိမြင် စေရန် ထိုစက်မှ ရောင်ခြည်ဖြင့် ခန္ဓာကိုယ်တွင်း အစာစီးဆင်းသွားပုံ အားလုံးကို မှတ်တမ်းတင်ရိုက်ယူသည်။ ပြီးသည်နှင့် ဆရာဝန်မှာ ကောင်းသည်ဟုသာပြောကာ သုတ်သုတ်နှင်ပြီး ထွက်သွားသည်။ သေချာတော့ ထပ် မမေးမိလိုက်ပေ။ ဆရာဝန်ကြီးနဲ့တွေ့မှပဲ မေးတော့မည်ဟု စိတ်ထဲထားလိုက်သည်။ အခု ကောင်းတယ် ဆိုတော့ ကောင်းတယ်လို့ပဲ မှတ်ကာ ဖိုးနိုင်ကို လှည်းပေါ်တင်၍ ပြန်တွန်းလာခဲ့သည်။    ။


ဆက်လက်ဖော်ပြပါအုံးမည်။   ။
သူရ

ဒေဂူးမြို့ စိတ္တသုခ လူမှုကူညီရေးအသင်းမှ ကူညီခြင်း...

          ဒေဂူးမြို့  စိတ္တသုခ လူမှုကူညီရေးအသင်းမှ ကင်ဆာရောဂါဝေဒနာရှင် ကိုအောင်နိုင်ဝင်း အတွက် ဝမ် ငါးသိန်း ကူညီမှုပေးပါသည်။
 အောက်ပါအလှူရှင်များမှ စုပေါင်း၍ ကျန်းမာရေးကူညီခြင်းဖြစ်ပါသည်။
၁။ ဆရာတော်ဦးဝိစိတ္တ ……………................................................. ၁၀၀၀၀၀-ဝမ်
၂။ ရွှေကမ္ဘာ မြန်မာစတိုးမိသားစု................................................... ၁၅၀၀၀၀-ဝမ်
၃။ ကိုဘုန်းနိုင် UB မြန်မာစတိုး .........................................………..  ၁၀၀၀၀၀-ဝမ်
၎။ စိတ္တသုခ လူမှုကူညီရေးအသင်း (ဒယ်ဂူး)၏ စုပေါင်းလှူဒါန်းငွေ..........  ၁၅၀၀၀၀-ဝမ်

ထပ်မံ၍ ဆေးကုသစရိတ် ပေးပို့လှူဒါန်းသူများစာရင်း......
၁။ကိုစည်သူသက်ဝင်း..............ဝမ် သုံးသောင်း
၂။ကိုဇော်သူသက်ဝင်း.............ဝမ် သုံးသောင်း
၃။ကိုဖြိုးမောင်မောင်ထွန်း.........ဝမ် သုံးသောင်း


ဒယ်ဂူးအသမှ ကူးယူဖော်ပြပါသည်။

Friday, March 4, 2011

မနေ့က ကိုသိန်းအောင် ဘဏ်ထဲသို့ ထပ်မံဝင်ရောက်လာသော လှူဒါန်းငွေများ...

   2011. 03. 02        TUN AUNG KYAW             20,000
   2011. 03. 02        SHOON                           500,000 
   2011. 03. O3       KYAWMOEM                    15,000  


ပေးပို့ လှူဒါန်းသူများ အားလုံးကို  ကျေးဇူး အထူးတင်ရှိပါသည်။