Monday, March 7, 2011

လူနာစောင့်ရဲ့ ဒိုင်ယာရီ (၂)




2/26 () ကိုဖိုးနိုင်ရဲ့ ကိုယ်တွေ့အသိနှင့် သင်ခန်းစာများ
3:00 pm
      ဖိုးနိုင်ကို ဆေးရုံစောင့်ရင်း ဆရာဝန်များ သူနာပြုဆရာမများကို မျက်မှန်းတန်းမိလာသည်။ ဝန်ထမ်းများ ဂျူတီ ပြောင်းသည့်အချိန်နှင့် ဘယ်ဂျူတီဆိုလျှင် ဘယ်ဆရာဝန်နှင့် ဘယ်သူနာပြုများ ရောက်မည်။ ဘယ် ဆရာဝန်၊ ဘယ်သူနာပြုကတော့ လုပ်ငန်းကျွမ်းကျင်သည်။ သေချာသည်။ ဘယ်သူကတော့ လုပ်ငန်း မကျွမ်းကျင်၊ အလုပ် လုပ်တာ မသေချာ စသဖြင့် ဆရာဝန်နှင့် သူနာပြုတဦးချင်းစီ၏ အနေအထားများ ကိုလည်း ဖိုးနိုင်၏ ပြောပြမှုကြောင့် ကျနော်တယောက် အတော်ပင် သိနေပြီဖြစ်သည်။
        အချို့သော ဆရာဝန်နှင့် သူနာပြုများဆိုလျှင် ဖိုးနိုင်ပေးထားသော အမည်ထူးများပင်ရှိသည်။ တစ် ယောက်၏ အမည်ဆိုလျှင် ဒရက်ကူလာဖြစ်သည်။ သူအမည် ပေးမည်ဆိုလျှင်လည်း ပေးချင်စရာပင် အဲဒီ ဆရာဝန်ငယ်လေးမှာ တနေ့လျှင် ၃ကြိမ်မျှ ဓာတ်ခွဲစစ်ဆေးရန်ဟူသော အကြောင်းပြချက်ဖြင့် တစ်ကြိမ်လျှင် လက်ညှိုးလောက်အရွယ် ပုလင်းငယ် တစ်လုံးမျှ သွေးထုတ်ယူတတ်သည်။ ဖိုးနိုင်တယောက် အဲဒီ ဒရက်ကူ လာ ကိုတော့ကြောက်သည်။ ကြောက်လည်း ကြောက်စရာပင်။ စာသင်ခန်းထဲမှ သင်ခန်းစာများကို ဆေးရုံ တွင်လက်တွေ့ သင်ယူနေသော အသက်အငယ်ဆုံး ဆေးကျောင်းသားလည်းဖြစ်သည်။ ဒရက်ကူလာသည် နဂိုတုန်တာလား ကြောက်လို့ တုန်တာလားတော့မသိ ဆေးထိုးအပ်ကိုင်သော လက်က တုန်နေပြီး သွေး ကြောကို တစ်ကြိမ်းတည်းနှင့် တည့်တည့်မထိုး၊ အမြဲတမ်း ဟိုချော်ထိုး ၊ သည်ချော်ထိုးနှင့် အကြိမ်ကြိမ် ချော်ထိုးပြီးမှ သွေးကြောကို တည့်တည့်ထိုးလေ့ရှိသည်။ သွေးထဲတွင် ဂတ်စ်များ၊ အခြားအဆိပ်သင့်စေသည့် ဓာတ်များ ရှိ၊ မရှိ စစ်ရသည်ဖြစ်သောကြောင့် လက်ကောက်ဝတ်အောက်ရှိ ကောင်းစွာ မမြင်ရသော သွေး ကြော တစ်နေရာတည်းကိုမှ ဖောက်ယူရသည်။ အခြားနေရာများမှာဒဏ်ရာများရှိသဖြင့် ဖောက်မရ သောကြောင့်ဖြစ်သည်။
      တစ်နေရာတည်းကို နေ့စဉ် အကြိမ်ကြိမ်ဖောက်သဖြင့် လက်ကောက်ဝတ်မှာ ယောင်ယမ်းပြီး ထိလျှင် ပင် နာနေတတ်သည်။ ထိုနေရာကိုမှ လက်တုန်နေသော ကိုဒရက်ကူလာက သူ့အပ်ဖြင့် ဟိုဘက် ဒီဘက် ချော်ထိုးနေတတ်သဖြင့် ဖိုးနိုင်မှာ မချိမဆန့် ခံရတတ်သည်။ ဖိုးနိုင်နာသည်ကိုကြည့်၍ ဒရက်ကူလာလည်း အကြောက်ပိုကာ ဇောချွေးများပြန်ပြီး လက်လျှော့ကာ ခဏနေမှ ပြန်လာပါ့မည်ဟုဆိုကာ ထွက်သွားတတ် သည်။ တစ်ကယ်တော့ ဒရက်ကူလာကို ဖိုးနိုင်ကြောက်တာထက်၊ ဒရက်ကူလာက ဖိုးနိုင်ကို ပိုကြောက် သည်ဟုထင်ပါသည်။ ဖိုးနိုင်ကတော့ နာလို့ကြောက်တာဖြစ်ပြီး၊ ဒရက်ကူလာကတော့ သူ့ကြောင့်လူနာ ပိုနာသွားမှာ၊ တခုခုမှားသွားမှာကို တာဝန်ရှိသော သမားနေရာကနေ ကြောက်ခြင်းဖြစ်သောကြောင့် ကြောက်သည့်အပြင် စိတ်ပင်ပန်းနွမ်းနယ်မှုက ပိုသည်ဟုထင်သည်။    
    “မြွေ၊ မြွေချင်း ခြေမြင်”ဆိုသည့် စကားကို ဒီနေရာမှာ သုံးရမှာ သင့် ၊မသင့်တော့ မပြောတတ်။ သေချာ တာ တစ်ခုကတော့ ကျနော်တို့ ဖိုးနိုင်ကတော့ ဆရာဝန်ငယ်လေးတွေနှင့် သူနာပြုတွေရဲ့ အရိပ်အခြေကို မြင်ရုံနှင့် ဘာမှားနေပြီ ဆိုသည်ကို တန်းကနဲသိသည်။ ဆရာဝန်နှင့်သူနာပြုတို့မှာလည်း ဖိုးနိုင်အမူအရာ နဲနဲ လေးပြောင်းသည်နှင့် သူတို့ဘာ မှားသွားပြီဆိုတာကို ကောင်းကောင်းသိသည်ထင်၊ မျက်နှာချိုသွေးကြသည်။ စပ်ဖြဲဖြဲလုပ်ပြကြသည်။ မျက်နှာငယ်လေးနှင့် အင်မတန်အားနာသွားသည့်ပုံ စသဖြင့် အမျိုးမျိုးလုပ်ပြကြ သည်။  ကိုယ်တိုင်ဝေဒနာရဲ့ ဖြစ်ပျက်မှု အလုံးစုံကို ကောင်းစွာသိမှတ်နေသောကြောင့်ထင်သည် အသေး အမွှား အမှားလေးများကိုပင် ဖိုးနိုင်တယောက် ကောင်းစွာသိသည်။
   မသိလို့လည်းမရ ထင်သည် လွန်ခဲ့တဲ့၂ ရက်လောက်ကလည်း အချစ်တော်သူနာပြုတယောက်က အပ် တစ်ချောင်း ဖြင့် လက်ဖျံတချောင်းလုံးကိုမွှေနှောက်သွားသည်။ နာ၊ မနာတော့မသိ ။ တောင့်ခံထားသည့် ကြားက တကိုယ်လုံး တဆတ်ဆတ်တုန်သွားပြီး၊ မျက်ရည်များပင်ကျကာ ညာလက်ဖျံတခုလုံးတန်းသွားပြီး အထိမခံနိုင်သည်အထိ ဖြစ်လိုက်သေးသည်။ အဲဒီဒဏ်က ကောင်းနေသောလက်ကို သုံးမရအောင် လုပ် သလိုဖြစ်ပြီး အခုထိ ညာလက်ဖြင့် ပစ္စည်းများကိုင်လျှင် မျက်နှာကြီးရှုံ့သွားသည်ထိ နာနေဆဲဖြစ်သည်။ သူနာပြုများကလည်း အဲဒီလို ဆေးပညာ ဗဟုသုတ ပေးသွားတတ်သည်။
   ဆေးရုံရောက်မှ ဖိုးနိုင်တယောက် ဆေးပညာဗဟုသုတတင် မဟုတ် အနိစ္စသဘောနှင့် ကိစ္စချောတတ် သည့် တရားသဘောတွေကိုလည်း အရင်ကထက် ပိုသိလာသလိုပင်။ အရေးပေါ်အခန်းထဲရှိနေတုန်းက သူရေးပြဖူးသော စာကြောင်းလေးကိုသွားသတိရသည် “အဓိကကျတဲ့ ခွဲစိတ်ကုသမှုတွေအားလုံး အောင်မြင်ပြီးကာမှ ဘာမဟုတ်တာ လေးနဲ့တော့ အသက်မဆုံးချင်ဘူးဗျာ ”ဟု ရေးပြောဘူးသည်။ ဖြစ်ပုံက ချွဲစုပ်ထုတ်သော စက်ကို သူနာပြုဆရာမများ ကောင်းစွာ မကိုင်တတ်သဖြင့် စက်က အဆမတန် အရှိန်ပြင်းပြင် ဆွဲစုပ်လိုက်တော့ အဆုတ်ထဲက ချွဲတင်မဟုတ် သွေးများပါ ပန်းထွက်လာသော အဖြစ်က ရှိခဲ့ဘူးသည်။ အရေးပေါ်အခန်းထဲဆိုတော့ သူ့ဘေးနားက လူနာတွေကို နေ့မြင် ညပျောက်သွားတာ ကိုယ် တိုင်လည်း တွေ့နေရတော့ စိတ်ထဲစိုးရိမ်စိတ် ဖြစ်ပုံရပါသည်။ စိတ်မပူပါနဲ့ကွာ မင်းရောဂါက အသက်နဲ့ အဝေးကြီးပါဟု စိတ်ပေါ့အောင် ပြောပြရသည်။ 
   “ဝေဒနာကို ကောင်းစွာသိကာမှ အို နာ သေ ဆိုသည့် အနိစ္စတရားကိုလည်း ကောင်းကောင်း သိနား လည်လာသလို၊ လူ့ဘ၀ရဲ့ အဓိပ္ပါယ်ကိုလည်း ပိုသိလာသည်”ဟု အရေးပေါ်ခန်းမှ ထွက်ခါစ သူ ကျနော့်အား ပြောပြသည်ကိုလည်း သတိရမိသည်။   ။
   

3/4 (fri) ရေစသောက်သော ရေစကြိုသား
   ရေစကြိုဇာတိ မန္တလေးသား ဖိုးနိုင်တယောက် ပါးစပ်မှနေပြီး ရေကို စသောက်သည်မှာ ၃ရက်ခန့် ရှိသွားပြီဖြစ်သည်။ စသောက်ခါစက ပါးစပ်ထဲ ရေလေး ဝင်တယ်ဆိုရုံလောက် ငုံကာ စမ်း၍ မျိုချသည်။ ပထမနေ့မှာတော့ သုံးငုံလောက် ငုံကာ မျိုချသည်။ အစာအိမ် လမ်းကြောင်းထဲ တည့်တည့် ရောက်သည် ဟုဆိုသည်။ ဗိုက်ထဲရေ၀င်သွားတာ သိလားလို့မေးတော့ သိတယ် အစာလမ်းကြောင်းထဲ ဝင်သွားသည် ဟုဖြေသည်။ 
   အခြေအနေက တော်တော် တိုးတက်လာသည်။ ဘာ့ကြောင့်လဲ ဆိုတော့ ခွဲစိတ်ခန်းက ထွက်ကတည်း က ပါးစပ်ဖြင့်ရေသောက်တာ ပထမဆုံးဖြစ်သောကြောင့်ပင်။ အရေးပေါ်ခန်းထဲ ရှိစဉ်တုန်းက အဖြူရောင် အဟာရဖျော်ရည်များကို ပိုက်ဖြင့် သွေးကြောထဲသွင်းသည်။ အရေးပေခန်းကနေ အပြင်ကို ရောက်လာတော့ နှာခေါင်းကနေ ပိုက်ပျော့ကို အစာလမ်းကြောင်းထဲ ထိုးထည့်ထားပြီး အဟာရအရည်ကို ထိုပိုက်မှ တဆင့် အစာအိမ်ထဲသို့ထည့်ပေးသည်ဆိုတော့ ပါးစပ်ဖြင့် ရေသောက်ပြီး အစာအိမ်လမ်းကြောင်းထဲ တည့်တည့် ရောက်သွားခြင်းသည် အစာလမ်းကြောင်းနှင့် အသက်ရှူလမ်းကြောင်းကို ခွဲ၍ အလုပ် မလုပ်နိုင်ခဲ့သော လူနာအတွက်   တကယ့်ကို တိုးတက်မှုပင်ဖြစ်သည်။
   ဖိုးနိုင်ကို ခွဲစိတ်ထားသည်မှာ လျှာကိုအလျားလိုက် ဖြတ်ထုတ်လိုက်ရပြီး၊ထို ဖြတ်ထုတ်လိုက်သော နေ ရာကို အသားအစား ထိုးပေးထားပြီး၊ အစားထိုးထားရသော အသားနှင့်မူလလျှာကို အသားတင် ဆက်တာ မဟုတ်ပဲ သွေးကြောများကိုပါ ပြန်ဆက်ရသော အနုစိတ် ခွဲစိတ်ကုသမှု ဖြစ်ပါသည်။ ခွဲစိတ်ပြီးကာစ ဆိုလျှင် လျှာတခုလုံး ယောင်နေသည်မှာ ပါးစပ်အပြည့်ပင်ဖြစ်သည်။ လျှာမှာ အပြားလိုက်ဖြစ်မနေပဲ ယောင်နေ သောအရှိန်ကြောင့် အာခေါင်နှင့်အပြည့် အသားလုံးကြီးဖြစ်နေပြီး၊ လှုပ်၍လည်းမရသောကြောင့် ပါးစပ်မှ သွားရည်များ အမြဲတမ်း ယိုစီးကျနေသဖြင့် ပိုက်ဖြင့် စုပ်ပေးခဲ့ရသည်။ အခုတော့ အနာကျက်ပြီဖြစ် သော ကြောင့် လျှာလှုပ်နိုင်လာသည်။ ဆေးရည်ဖြင့် အာလုတ်ကျင်းကာ ခံတွင်းသန့်ရှင်းရေး လုပ်နိုင်လာသည့်ပြင် ရေကိုပါ သောက်လာနိုင်ပြီဖြစ်သည်။ သို့သော် လည်ပင်းရှိ အပေါက်မှနေ၍ အဆုတ်တွင်းမှ ချွဲများကိုမူ စက် ဖြင့် စုပ်ထုတ်ပေးနေရတုန်း ဖြစ်သည်။
    ပြီးခဲ့သော အင်္ဂါနေ့ ညက သူနာပြုဆရာမက အစား မစားရဟူသော ဆိုင်းဘုတ်ဝိုင်းကို ခုတင်ခြေရင်း မှာ ဒေါက်ကနဲ လာချိတ်ပြီး ပြန်ထွက်သွားသည်။ “ဘာလဲ” ဟု အမူအယာဖြင့်လှမ်းမေးသည်၊ အစာမစားရတဲ့ ဆိုင်းဘုတ် ဟုပြောလိုက်သည်။ “ဘာမှမစားတဲ့သူကို ဘာလို့ လာချိတ်သွားတာလဲ” ကျနော့်ကို ပြန်မေး သည်။  အကြောင်းရှိလိုနေမှာပေါ့ဟု ပြန်ပြောလိုက်သည်။ ခဏကြာတော့ သူနာပြု ပြန်ရောက်လာသည် ။ “မနက်ဖြန်နံနက် ဆေးစစ်စရာရှိသည် ဘာကိုမှ မသောက်၊ မစားပါနဲ့”ဟု ပြောသွားသည်။
   ဗုဒ္ဓဟူးနေ့ နံနက် ၁ဝ နာရီခန့်တွင် လူနာအကူ တစ်ယောက် ရောက်လာပြီး ဖိုးနိုင်ကို လှည်းပေါ်တင်၍ ခေါ်သွားသည်။ လက်ရှိအခန်းမှာ အဆောင်ခွဲတွင် ရှိနေပြီး သွားရမည့် နေရာမှာ ပင်မအဆောင်၏ ပထမ ထပ်တွင်ဖြစ်သည်။ အနည်းငယ် လှမ်းသောကြောင့် လှည်းပေါ်တွင်ထိုင်စေပြီး၊ လက်တွင် သွင်းလက်စ ဆေးအိတ်များကိုပါ လှည်းပေါ်တင် တွန်းခေသွားသည်။ စမ်းသပ်ဌာနသို့ရောက်သော်  Radil Ray စက်ကြီး ရှေ့တွင်ရပ်နေစေပြီး၊ သဘောင်္ဆေးကဲ့သို့ ဖြူဆွတ်သော ဆေးရည်တခွက်ကို သောက်ခိုင်းသည်။ သောက် လိုက်သော ဆေးရည်များ အစာလမ်းကြောင်းကို ဖြောင့်ဖြောင့်တန်းတန်း ဝင်၊ မဝင်ကို ရှင်းလင်းစွာ သိမြင် စေရန် ထိုစက်မှ ရောင်ခြည်ဖြင့် ခန္ဓာကိုယ်တွင်း အစာစီးဆင်းသွားပုံ အားလုံးကို မှတ်တမ်းတင်ရိုက်ယူသည်။ ပြီးသည်နှင့် ဆရာဝန်မှာ ကောင်းသည်ဟုသာပြောကာ သုတ်သုတ်နှင်ပြီး ထွက်သွားသည်။ သေချာတော့ ထပ် မမေးမိလိုက်ပေ။ ဆရာဝန်ကြီးနဲ့တွေ့မှပဲ မေးတော့မည်ဟု စိတ်ထဲထားလိုက်သည်။ အခု ကောင်းတယ် ဆိုတော့ ကောင်းတယ်လို့ပဲ မှတ်ကာ ဖိုးနိုင်ကို လှည်းပေါ်တင်၍ ပြန်တွန်းလာခဲ့သည်။    ။


ဆက်လက်ဖော်ပြပါအုံးမည်။   ။
သူရ

No comments:

Post a Comment