Monday, February 28, 2011

လူနာစောင့်ရဲ့ ဒိုင်ယာရီ


ညီအစ်ကိုများခင်ဗျာ...

     ကိုဖိုးနိုင်( ကိုအောင်နိုင်ဝင်း )ရဲ့ ဆေးရုံပေါ်မှ အခြေအနေများနှင့် ကိုအောင်နိုင်ဝင်းအတွက် မိတ်ဆွေသူငယ်ချင်းများ ၏ လုပ်ဆောင်မှုများကို ဆက်လက်အသိပေး ဖေါ်ပြပါရစေ။
   ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကိုသီဟန်တို့ သူငယ်ချင်းများရဲ့ အဖြူရောင်မေတ္တာလူငယ်များ ရံပုံငွေပွဲအပြီးမှာ ကြိုတင် ချိန်းဆိုထားတဲ့ ဖိုးနိုင်ရဲ့မိတ်ဆွေများနဲ့ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ ပူချွန်းမြို့ထဲက ထမင်းဆိုင်မှာ ညစာစားရင်း စုစည်းပြောဆိုဖြစ်ကြပါတယ်။ 
       ကျနော်က ကိုဖိုးနိုင်ရဲ့ကျန်းမာတိုးတက်ဖြစ်ပေါ်မှု အခြေအနေနဲ့ ဆေးရုံဘက်က အခြေအနများကို ရှင်းပြခဲ့ပါတယ်။ ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ သူတွေအားလုံး ကိုဖိုးနိုင်အတွက် လိုအပ်တဲ့ ဆေးကုသမှု အခြေအနေနဲ့ ကုန်ကျနေသော ငွေကြေးပမာဏကို ရှင်းလင်းပြောပြပေးခဲ့ပါတယ်။ တက်ရောက်လာတဲ့ သူတွေကလည်း မိမိတို့ ပတ်ဝန်းကျင်မှာ ကိုဖိုးနိုင်အတွက် ဇီဝိတဒါနပြုမယ့် သူတွေထံကနေ အလှူငွေ ကောက်ခံ ပေးမယ်ဆိုတဲ့အကြောင်း ပြောကြပါတယ်။ ကိုဖိုးနိုင်ဟာ ခုဆိုရင် ၂၁ရက်နေ့ မှစတင်ကာ အရေးပေါ်ခန်းကနေ ၂ ယောက်ခန်းကို ပြောင်းလိုက်ပါတယ်။ အချိန်မရွေး ဧည့်တွေ့ခွင့်ရှိသလို၊ အချိန်ပြည့် လည်း လူနာစောင့်ဖို့လိုအပ်လာတဲ့အတွက် ကိုဝင်းလှိုင်က အလုပ်ထွက်ပြီး စောင့်ပေးမယ်လို့ အဲဒီနေ့က ပြောပါတယ်။ ကိုဝင်းလှိုင် အလုပ်ကထွက်ရမှာ အားနာတဲ့အတွက် သူ့ကိုမစောင့်ခိုင်းပဲ ယနေ့အချိန်ထိ ကျနော်စောင့်ပေးနေပါတယ်။
       ကိုဖိုးနိုင်ရဲ့ အခြေအနေဟာ တနေ့တခြားသိသာစွာ တိုးတက်ကောင်းမွန်လျက်ရှိနေပါတယ်။ ကျနော် တို့ ညီအစ်ကိုမောင်နှမများ ပို့သတဲ့ မေတ္တာတွေကြောင့်ပဲ ဖြစ်မယ်လို့ထင်ပါတယ်။  မူလက အဟာရ အရည် ကို အကြောထဲကနေ ထည့်သွင်းပေးနေရာမှ အခုတော့ နှာခေါင်းပေါက်ကနေ ပိုက်ပျော့ကို အစာအိမ်အဝထိ သွင်းထားပြီး၊ အဲဒီ  ပိုက်ပျော့ထဲကနေ နံနက်၊ နေ့လည်၊ ည တနေ့သုံးကြိမ် အာဟာရအရည်ကို ထည့်ပေး ပြီး  အစာအိမ်ကို  ပုံမှန်အလုပ်လုပ်စေခဲ့ပါတယ်။ ဆီး၊ ဝမ်းတို့ဟာလည်း မှန်မှန်သွားလျက်ရှိနေပါတယ်။
လက်ရှိအခြေအနေထိတော့ ဆေးကုသစားရိတ် စုစုပေါင်း ( ၈၇ သိန်း )ကုန်ကျနေပြီဖြစ်ပါတယ်။ 


2/25 (fri) 
     6:30 မနေ့ညက ဖိုးနိုင်တယောက် အိပ်ရေးပျက်များတာရယ်၊ အသက်ရှူရတာ အဆင်ပြေတာကြောင့် ထင်ပါတယ် ညဦးပိုင်းလောက်ကပင် စောစီးစွာ အိပ်ပျော်နေသည်။ လူနာစောင့်ကျနော်လည်း သူအိပ်တုံး အဖော်ကောင်းရှိသဖြင့် အပြင်တွင် စကားထွက်ပြောနေပြီး စကားပြောကောင်းလိုက် အခန်းတွင်းလူနာကို ချောင်းကြည့်လိုက်နှင့် နံက် ၃ နာရီ ထိုးမှ အိပ်ဖြစ်သည်။ ၆နာရီခွဲလောက်ကျတော့ သူနာပြုဆရာမ ရောက် လာပြီး မနေ့ညက ချိတ်သွင်းပြီး ကုန်စပြုနေပြီ ဖြစ်သော ဗီတာမင် ဆေးရည်အိပ်ကို လာဖြုတ်သွားသည်။ ညက ကောင်းစွာအိပ်လိုက်ရလို့ထင်သည် ဖိုးနိုင်တယောက် လန်းနေသည်။ နှာခေါင်းမှ ပိုက်သွင်းထားပြီး  အပေါ်မှ ပလတ်စတာအုံ၍ ကပ်ထားသဖြင့် နှာခေါင်းမှာဖုထနေပြီး တွဲလျက်ကျနေသော ပိုက်ကြောင့် ထင် သည် ဖိုးနိုင်တယောက် နှာခေါင်းနေရာမှာ နှာမောင်းလေးတပ်ထားသလိုဖြစ်နေပါသည်။ မနေ့ညက ခပ်ပျာ ပျာ သူနာပြုဆရာမ၏ အဆွဲကောင်းမှုကြောင့် ပလာစတာပြုတ်ထွက်ပြီး သူ့နှာမောင်းလေး အောက်သို့ ရှည်ရှည်ထွက်လာသည်ကို စိတ်မရှည်ဖြစ်နေပြီး၊ သူနာပြုဆရာမလေးကို ဟန်နှင့်မာန်နှင့် သူနှာမောင်းကို ပလတ်စတာ သေချာပြန်ကပ်ပေးဖို့ ပြောပြီး ခိုင်းလိုက်သည်။ ဖိုးနိုင်ကိုကြည့်ပြီး ကျနော် သဘောကျနေ မိသည်။ လည်ပင်းမှ အနာနှင့်  အနာရှိန်အပြင် သူ့နှာမောင်းလေး တရမ်းရမ်းဖြစ်မှာစိုး၍ထင် ခေါင်းကို ဘယ်ညာသိပ်မလှုပ်ပဲ တည့်တည့်ထားပြီးနေတတ်သည်။ စကားမပြောနိုင်သော်လည်း ဝေဒနာနှင့် အခြေ အနေ အားလုံးကို မာန်နှင့်ကျော်ဖြတ် နေသည့်ဟန် သူ၏မျက်လုံးများမှာ တောက်ပြောင်နေသည့်အပြင် ခပ်ပြူးပြူးနဲ့ စူးစူးနိုင်လှသည်။ 
    ကျနော့်ကို စာရေးပြောသော်လည်း သူနာပြုများနှင့် လက်သင်ဆရာဝန်များ ယောင်ယောင်ကန်းကန်း ဟိုလုပ်ဒီလုပ်ဖြစ်နေပြီး တခုခု မှားသွားပါက သူ့ခန္ဓာကိုယ်တွင် ပြင်းထန်စွာ နာကျင်သည့်ထင် လှုပ်လှုပ် ရှားရှားဖြစ်သွားတတ်သည်။ သူ လှုပ်လှုပ်ရှားရှား ဖြစ်သည်နှင့် ဆရာဝန်ငယ်များမှာ ပို၍ပင် ခြေမကိုင်မိ လက်မကိုမိဖြစ်ကြရသည်။ ဖိုးနိုင်မျက်နှာကို ပြူးတူးပြဲတဲဖြင့် မျက်နှာရိပ်မျက်နှာကဲကြည့်ကြရရှာသည်။       ထိုအခါမျိုးတွင် ဖိုးနိုင်၏ဟန်မှာ ခေါင်းလှည့်မရသောကြောင့် ရှေ့သို့ ရှုတူတူ ဖြစ်နေသောမျက်နှာပေးနှင့် မိမိဆိုလိုသည်ကို နားလည်စေရန် မျက်လုံးဖြင့်စကားပြောသောကြောင့် မျက်လုံးများမှာ ပို၍ပြူးကာ တောက်ပြောင်နေပြီး မနာသော လက်တဖက်ဖြင့် အပေါ်တင်၊ အောက်ချ၊ နည်းနည်းလျှော့၊ ဒီလိုမဟုတ်ဘူး ဒီလိုဒီလိုလုပ်၊ အဲဒါမဟုတ်ဘူး ဟိုဟာဟာ၊ ဟိုကိုကြည့်ပြီးလုပ် စသဖြင့် ဆရာဝန်နှင့် သူနာပြုများကို ပြန်ခိုင်း နေသည်မှာ ဆရာဝန်အကြီးကြီး စတိုင်ပင်ပေါက်နေသေးသည်။ ဘေးမှကြည့်ရသည့် ကျနော်ပင် အစမှာ တော့ ပျာပျာသလဲ ဖြစ်နေရာမှ နောက်တော့အသားကျသွားပြီး၊ သူ့ပုံစံကို သဘောကျနေမိသည်။   ။   

     အနေကြာလာသောကြောင့် သူ့အလိုကို ပိုသိသောကျနော်က ကြားဝင်၍ ပြောလိုက်မှ ဆရာဝန်နဲ့ သူနာပြုများ ဖိုးနိုင်ဆိုလိုသည်ကို သဘောပေါက်ပြီး လိုက်လုပ်နိုင်ကြပြီး၊ ဖိုးနိုင်မျက်နှာကိုတချက်ကြည့်ကာ ငြိမ်နေပါက အဆင်ပြေရဲ့လားခင်ဗျား၊ အဆင်ပြေရဲ့လားရှင်ဟု စိုးရိမ်တကြီးမေးကြရှာပါသည်။ အဲဒီအခါ မျိုး တွင်တော့ ကျနော်တို့ဖိုးနိုင်တယောက် နာလိုက် ကျင်လိုက်ရတာ ပန်းသွားလို့ထင်သည် ငြိမ်ပြီးမှိန်းလျက် အနေအထားကပင် လက်ကလေးမြှောက်၍ အဆင်ပြေသည့် ပုံစံကိုပြသည်။ သူလက်ပြသည့် ပုံစံမှာ သင်ရ ခက်သော တပည့်များ အဆင်ပြေသွားသည့်အခါ စိတ်တိုပြီးမောသွားသောဆရာက တပည့်များကို ပြီးရင် မြန်မြန်သွားတော့ကွာဆိုသည့် စတိုင်မျိုး။ ထိုအခါမှပင် ဆရာဝန်တို့မှာ အသက်ရှူချောင်သွားကြပြီး၊ ပါလာ သော ကတ်ကြေး၊ ပလာစတာ၊ ပတ်တီး၊ ဆေးထည့်သော လင်ပန်း စသည်တို့ကို တက်သုတ်ရိုက်သိမ်းကာ ဖိုးနိုင်ကိုပင် ကျေးဇူးလည်းတင် အားလည်းနာသောအမူအရာများဖြင့် ထွက်သွားတတ်ကြသည်။ 
    ဆရာဝန်နှင့် သူနာပြုများ၏ မကျွမ်းကျင်မှုသည် လူနာကို အမှန်တကယ်ပင်ပန်းစေပြီး၊ စိုးရိမ်မှုများ ဖြစ် စေ တတ်သည်မှန်သော်လည်း ကျနော်ကတော့ ကျနော်တို့ ဖိုးနိုင်၏ ဟန်ပန်နှင့် ဆရာဝန်များ၏ ဖြစ်စဉ်ကို ကြည့်ပြီး တယောက်တည်း ကြိတ်ပြီးပြုံးမိရသည်က အကြိမ်ကြိမ်ပင်ဖြစ်သည်။ လူနာက ဆေးရုံတက်ရက် ကြာလာလျှင် ဆရာဝန်ဖြစ်သွားသည်ဆိုသည့် ကိုရီးယားတို့၏ စကားတခွန်းက တကယ့်ပင် မှန်နေသည်ဟု ထင်ချင်သလိုလိုပင် ဖြစ်နေတော့သည်။  ။

 ဆက်၍ဖော်ပြပေးပါအုံးမည်...


                   (သူရ)








No comments:

Post a Comment